Sunday, August 22, 2010

ပြောင်းလွဲခြင်းရဲ့ စည်းအပြင်ဖက်

လူမျိုး
ဘာသာ
အရွယ်မရွေး
ရင်းရင်းနှီးနှီးပေါင်းသင်းတတ်တဲ့
သေခြင်းတရားရဲ့ ဧည့်ခံပွဲက
လှိုက်လှိုက်လှဲလှဲကြိုဆိုနေ
ပျောက်ဆုံးနေတဲ့
နေ့ ဦးယံတွေကြား
အမြဲတန်းထက်ပိုမှောင်နေတဲ့
လူနေမှုစနစ်
ရင်ဖွင့်ထားတဲ့
အပြာရောင် မိုးကောင်းကင်ကြီးကိုတောင်
အားနာမိလာရဲ့ ။

မလင်းတလင်း
လမ်းကျဉ်းကို
စမ်းလျှောက်နေရပါတယ်ဆိုမှ
အတင်းလုယူ
အတင်းတိုက်တွန်း
ခပ်မိုက်မိုက်နဲ့ 
မျက်လုံး
နား
ပါးစပ်
တရစပ်ပိတ်ပြစ်ကြ
ဝါးလုံးခေါင်းထဲက
လ ဟာ
အသာဆုံး
အလင်းဆုံးဆိုပဲ။

အိုဇုန်းလွှာပေါက်ပြဲတဲ့
နေပူကျဲကျဲအောက်
ကျွဲနှစ်ကောင် လူတယောက်
အခေါက်ခေါက်အခါခါ
ရွေ့ .......တာ.......အော်ဟစ်ရင်း
လယ်ထွန်မင်္ဂလာခရီးပြင်းကို
နေ၀င်မိုးချုပ်....။

အဖေမေတို့ ရဲ့ စေတနာ
ဘွဲ့ .ဆိုတာတော့ရလိုက်ပါရဲ့ 
ဒါပေမဲ့
တော ပြုန်းနေတဲ့
ပက်ကြားအက် ကွင်းပြင်ကြား
ထက်မျက်တဲ့ ဓါး
ဘယ်အပင်ကို ခုတ်ရငြားအံ့။

ငါတို့ မှာ
ဒုက္ခ သောက
ပရိဒေ၀ ဗျာပါဒတွေနဲ့ 
ပေါင်းသင်းလုံးထွေး
သတ်ပုတ်ရရင်း
အသက်ရှင် မံမီတွေဖြစ်လို့ ။

လောကရဲ့ အလိုအရ
သာဘာဝဓမ္မရဲ့ အလိုအရ
မရှိခြင်းဆိုတာ
ရှိနေပါလည်း
ပြည်သူတရပ်လုံး
မရှိစေချင်တော့တဲ့အုပ်စိုးသူ
အာဏာရှင် အစိုးရ
လူသတ် အစိုးရ
ချစ်တီး အစိုးရ
သင်းတို့ ကိုယ်သင်းတို့ 
ရှိချင်ကြသေးတာ.......။

ငါတို့ ဘဝ
အာရုံဦးမရှိတဲ့
နေ့ ရက်တွေနဲ့ 
ရင်းနှီး မပျော်မပါးရင်း
နေ့ နီနီတွေ
နေ့ မှောင်မှောင်တွေကို
ခုတ်ထစ်ပွေ့ ပိုက်ခဲ့ရကြ
သက္ကရာဇ်ချကြည့်တော့
နှစ်လေးဆယ်အတော်ကျော်ခဲ့ပြီ။ ။

3 comments:

  1. နှစ်လေးဆယ်ကျော်ပြီဆိုတော့ တတိယအရွယ် ရောက်ပြီပေါ့ဗျာ .. မကြာပါဘူး သေတော့မှာပါ ....

    ReplyDelete
  2. ကဗျာတွေ ဖတ်သွားပါတယ်။
    တော်တော်ကောင်းတယ်

    ReplyDelete
  3. အထက်က ကိုနွေဆူးလင်္ကာ ဆိုတာ ကဗျာရေးသူမို့လား။
    ကိုသုံည နဲ့ အတော်ရင်းနှီးသလား။
    မရင်းနှီးပဲ အဲလို ရေးရင်တော့ အတော်ရိုင်းတယ်နော်။
    ကဗျာ စာပေကို အားနာပါအုံး။

    ReplyDelete