Monday, July 5, 2010

ငရဲကြီးရှစ်ထပ်ရဲ့ အောက်

စွဲစွဲလမ်းလမ်းနဲ့ 
တမ်းတမ်းတတ
လူတကာတွေလို
တန်းတူအခွင့်အရေးတော့လိုချင်တာပေါ့။

ခက်တာက
အာဏာကိုဆုပ်ကိုင်
ဥပဒေ ကိုဖင်ခုထိုင်သူတွေ
ပိတောက်တွေသာ
အခါခါပွင့်
အခါခါကြွေ
အခါလေးဆယ်ကျော်မက
ပြောင်းလွဲခြင်း သင်္ခါရကိုအံတု
အာဏာကို လုထားဆဲ။

ပုံစံခွက်ထဲ
ရိုက်သွင်းပုံများက
တရားမ၀င် စစ်ကျွန်
တရားဝင် စစ်ကျွန်ဖြစ်ရေး
တရားမ၀င် စစ်အာဏာရှင်
တရားဝင်စစ် အာဏာရှင်ဖြစ်ရေး
တွေးရင်း-ရင်လေးစရာ
တချို့ တ၀က်မှာ
အားပေးအားမြောက်
အရူးကို ဘုံမြောက်တဲ့ပုံမျိုးနဲ့ ။

အိမ်နီးချင်း
နိုင်ငံအရပ်ရပ်
ပေါင်ပေါ်မှာ Laptop တွေနဲ့ 
ကမ္ဘာကြီးကိုဖတ်နေတဲ့အချိန်
တို့ ရွှေနိုင်ငံမှာ
အစာငတ်-ရေပြတ်
ဒုက္ခအထပ်ထပ်
အသက်ရှူကြပ်သထက်ကြပ်
ငရဲဘယ်အထပ်ကိုများ
ရောက်နေသလားပဲ။

သို့ သော်
အမြင်မတော်ပုံက
တိုင်းပြည်က စုတ်ပြတ်
အုပ်ချုပ်သူဘုရင်မြတ်
(သူတို့ ကိုယ်သူတို့ )
နန်းပြဿဒ်တွေနဲ့ 
ပဒေသရာဇ်လက်သစ်တွေ
တိုင်းပြည်ရဲ့ ဘဏ္ဍာ
သူတို့ အဖိုးအဖေ အမွေပမာပေါ့။

ရင့်ရင့်သီးသီး
ဖိဖိစီးစီး
ရမ်းရမ်းကားကား
အာဏာသံလျှက်ကိုင်စွဲ
လောဘမီးပင်လယ်ထဲမှာ
တဟုန်းဟုန်းတငြီးငြီး
ဒေါသမီးလျှံတွေနဲ့ 
ပြည်သူကိုညှင်းပန်း
ဘယ်ငရဲခန်းကိုများ
မြန်းကြမလို့ ပါလိမ့်။

သတိပေးစကား
အနည်းငယ်ဆိုငြားအံ့
ငရဲကြီးရှစ်ထပ်
မင်း တို့ နဲ့ မအပ်စပ်ဘူး။

သူရိယ တွင်ဖေါ်ပြပြီး

4 comments:

  1. ကဗျာတွေ လာခံစားပါတယ် ကိုသုံည

    ReplyDelete
  2. ငရဲကြီးရှစ်ထပ်နဲ့မအပ်စပ်ဘူး ဆိုတော့
    ???????????????????
    ဟီးးးးးးးးးးးးနန်း ကတုံးတယ်
    မျောက်သုံးကောင် မရှိတော့ ဆိုက်လေးလှသွားတယ်။

    ReplyDelete
  3. မောင်သုံည ကဗျာတွေကို
    ဂျပန်က ထုတ်တဲ့ စာစောင်တွေ။ ဂျာနယ်တွေမှာ
    ခဏခဏ ဖတ်ရတယ်။ ဝမ်းသာတယ်ဗျာ
    ကဗျာတွေ အတော်ကောင်းတယ်
    ကျွန်တော် တို့ မဂ္ဂဇင်းလည်း ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်ဗျာ။
    လေးစားလျက်

    ReplyDelete
  4. ကဗျာတွေအတော်ကောင်းတယ်။
    လယ်သမားဘဝ ကဗျာတွေရေးပါအုံး။

    ReplyDelete