Saturday, June 12, 2010

နီ ပြီးသည်မို့ ညီ ကြစို့ 

”ဘ” နဲ့  ”၀” က
ပေဘ၀ရောက်
သူတို့ လိုချင်သလောက်
ကွပ်လပ်ဖြည့်ဖို့ 
ထု-ထုခံရတာများပေါ့
နှစ်တွေ ရေတွက်ကြည့်
လေးဆယ်ကျော်ရှစ်နှစ်အထိ။

လည်ချောင်းပေါ်ဆန်တက်
အသံအဖြစ်ထုဆစ်
နှလုံးသွေးကလာတဲ့ဆန္ဒ
စိတ်ကြိုက်အနဲအကျဉ်း
အသံမြည်ခွင့်မရှိတဲ့တိုင်းပြည်
အဲဒီမှာ
အတ္တကြီးကြီးနဲ့ 
ကြောက်ရွံ့ မှုကင်းမဲ့သူတချို့ 
အမှားပြင်းပြင်းနဲ့ မှားယွင်းနေဆဲ။

လွတ်လပ်ပန်းအတွက်
လှမ်းတက်ရင်း
ကြယ်စုံကြွေတဲ့ညတွေ
ရေမတွက်နိုင်ခဲ့။

ဇာတိသွေး
အဖိုး-အဖေပေးခဲ့
ရဲရင့်ချီတက်
ငြိမ်းချမ်းရေးအတွက်
ဒါပေမယ့်
အသားထဲက လောက်ထွက်
လောက်ထဲက လောက်ထွက်
ဇီစာချဲ့ ရင်း
ယမ်းငွေ့ ပင်လယ်ထဲ
ဆင်းဆင်းရဲရဲ
စုတ်စုတ်ပြတ်ပြတ်
မွဲတေခြင်းသာအမြတ်ရခဲ့။

ယမ်းညှော်နံ့ နဲ့ 
ဝိဥာင်တောင်ပံရိုက်သံ
တိမ်တွေလိုအထပ်ထပ်
မြန်ပြည်အနံ့ မွေးပျံ့ နေဆဲ။

လူ့ အခွင့်ရေးနဲ့ ဒီမိုကရေစီ
သွေးချင်းချင်းသာနီခဲ့။

အာဏာရှင်ရဲ့ ရမက်ယမ်းငွေ့ 
ဝေ့ဝေ့၀ိုက်ဝိုက်
တစိုက်မတ်မတ်
ထွန်းကားနေဆဲ။

နျူတန်ရဲ့ ဦးခေါင်းပေါ်
ပြုတ်ကျခဲ့ပန်းသီးတလုံး
တကမ္ဘာလုံးလွမ်းခြုံခဲ့
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိခဲ့လဲ
မြန်မာပြည်အတွက် ချွင်းချက်။

အမှောင်နဲ့ အလင်း
ကျောချင်းကပ်နေပါလျှက်
တွန်းဖယ်မပြစ်နိုင်တာ
တည်တန့် မှု အားကောင်းလို့ လား
ညီညွတ်မှုအားနည်းချက်လား
ပြိုင်တူတွန်းလျှင် ရွေ့ နိုင်ပါသည်။


(ပြိုင်တူတွန်းလျှင် ရွေ့ နိုင်ပါသည်၊ ငယ်ငယ်တုံးကသင်ခဲ့ဖူးသော ကဗျာစာသား)

No comments:

Post a Comment