Saturday, May 8, 2010

မေမေသို့ 

အမေ .
အမေ . . .
အမေ . . . . .
တမ်းတစွာ
ရေငတ် အာခေါင်ခြောက်တွေနဲ့ 
စင်္ကြ၀ဌာတိုက်တသောင်း
တုန်ဟီးသွားအောင်
အော်ခေါ်လိုက်ပေမဲ့
အမေက
တခြား ဘုံဘ၀မှာ
သားသုည ကို
ဘယ်လိုတုံ့ ပြန်သံပေးနိုင်တော့မလဲ။

ဒီမိုကရေစီ မိုး
စိတ်ကြိုက် ရွာသွန်းဖြိုးဖို့ 
မီးတောင်ကန္တရရင်ခွင်တွေ
အိုအေစစ်မဲ့ရင်ခွင်တွေ
အညာဒေသရဲ့ 
တပေါင်းလ လယ်ကွင်းရင်ခွင်တွေနဲ့ 
တမ်းတမ်းတတ
မျော်လင့်ကြလဲ
မှောင်မဲထူထူ
ရမက်ဆူတဲ့ သေစေမိုးတွေသာ
အရွာခံလိုက်ရ
အဲဒီလမိုက်ညမှာ
နှစ်ထောင် ကျော်ကျော်
သွေးပင်လယ်မှာမပျော်ပဲ
သူခတ်ခဲ့တဲ့လူတွေထဲ
အမေလည်းတယောက်ပေါ့။

မေမေရေ...
ဒေါင့်မမှန်တဲ့
ဒေါင့်များက
လူသားတွေကြား
ကြွးကြွားရွားရွား
နေသားတကျဖြစ်လို့ နေဆဲ။

မေမေရေ...
မေမေမရှိတဲ့နောက်
သားတို့  ဘ၀တလျှောက်မှာ
လမိုက်ညနက်နက်
မဟူရာကျောက်ပွင့်
အရှာရခက်သလို
ငွေ ကြေးကမပို မစို
ပြည်သူတွေက ငိုငိုယိုယိုနဲ့ 
စဥ့်အိုးအပဲ့လေးထဲ
ဆန်မရှိလည်း
စားရေးခက်ခက်
အခွန်တော်က ပုံမှန်ဆက်ရလျှက်
အဲဒါတွေနဲ့ 
ငွေ ကြေးဖြစ်လာခဲ့စစ်အစိုးရ
သူတို့ ဝမ်းဝရင်ပြီးရော့
ထမင်းကြွေးသူကို
ထမင်းအငတ်ထားလို့ 
ဂုဏ်ယူဝင့်ကြွား
ငါ...ဘုရင်တပါးတဲ့..မေမေ။

ကုန်ခဲလှတဲ့
စစ်ရာသီတွေအောက်
ဘ၀တွေဗျစ်တောက်ဗျစ်တောက်
သောကနဲ့ ဒေါသတွေကို
ငိုယိုကာမျိုချနေရ
အာဟာရပြတ်တဲ့
ပတ်ကြားအက်လျှာတွေက
ဘယ်အရသာကိုမှ
နဂိုအတိုင်းမခံစားနိုင်တော့ဘူး.မေမေ။

သွေးစိမ်းရှင်ရှင်နဲ့ 
စိုစွတ်ဆဲနေ့ ရက်တွေကို
ပေါက်ကွဲအားကောင်းတဲ့
ညှီစို့ စို့ ပြက္ခဒိန်တွေက ကုတ်ခြစ်
သက္ကရာဇ်အသစ်က
လက်ဆွဲနုတ်ဆက်နေလဲ
မွဲခြောက်ခြောက်
ဘ၀စာမျက်နာတွေကို
ရှိက်သံသဲ့သဲ့နဲ့ 
အကွဲကွဲအအက်အက်
ဘယ်လိုပြန်ဆက်ဖို့ 
ကြိုးစားကြည့်တော့လည်း
မျော်လင့်ချက်တွေက
ဆေးမဲ(မည်း)တွေပဲ
အထပ်ထပ်အသုတ်ခံရ။

ချစ်သောမေမေ.
ပုန်းလျှိုးပုန်းကွယ်
ပရိယာယ်ကြွယ်တဲ့
အမှန်တရားတွေက
စစ်ဝါဒီအာဏာရှင်ရဲ့ 
အစွန်းတဖက် အုပ်စိုးမှုအောက်
ပြားပြားမှောက်လို့ .မေမေ။

မေ့မေ့ကျေးဇူး
ဘယ်လို အထူးထူးနဲ့ မှ
ဆပ်လို့ မရ
ဆပ်လို့ မဝ
မြင့်မိုရ်ထက်ကမေမေ
သားငယ်လေ
နဖူးလက်တင်
ထိငါးအင်ဖြင့်
ရိုကျိုးရှစ်ခိုးရင်း....
ဒီမိုကရေစီမိုး
ရွာသွန်းဖြိုးစေ တောင်းဆိုနေဆဲ
အမေများစွာထဲက
အမေ
ကျဆုံးခဲ့တဲ့အမေ
အမေကောင်းရာသုဂတိလားရောက်ပါစေ။

သမိုင်းအဆက်ဆက် ကျဆုံးခဲ့သော မေမေများကို ကျွန်တော်ပြုသမျှ ကောင်းမှုကုသိုလ်အပေါင်းအား
ကျွန်တော်နဲ့ ထပ်တူထပ်မျှ ကုသိုလ်ရကြပါစေ အမျှ..အမျှ..အမျှပေးဝေပါ၏။

ဟစ်တိုင် တွင်ဖေါ်ပြပြီး

2 comments:

  1. အမေ ကဗျာ လွမ်းဆွေးစွာဖတ်သွားပါတယ် ကိုသုံည
    ပြည်တွင်းကအမေများစွာ လည်း
    ဒီမိုကရေစီရေးမှာ ကျဆုံးသွားတဲ့သားတွေအတွက်
    ထောင်ထဲက သားတွေ ခွပ်ဒေါင်းအာဇာနည်တွေအတွက်
    အမေများစွာရဲ့ မျက်ရည်တွေ ပင်လယ်ဝေနေကြပါတယ်။

    ReplyDelete
  2. ကိုသုံည မေမေ က သာဓု ခေါ်နေမှာပါ
    ခံစားဖတ်သွားပါတယ်

    ReplyDelete